SSA တည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနား
News

SSA တည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနား

June 19, 2026By Admin

Highlights

  • ၁၉၆၄ ဧပြီလ ၂၄ တွင် ရှမ်းပြည်တပ်မတော် တည်ထောင်
  • မြန်မာနိုင်ငံပထမဆုံး သမ္မတ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ စဝ်နန်းဟိန်းခမ်း SSA ဦးဆောင်ဖွဲ့စည်း

ယနေ့သည် ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း (၆၂) နှစ်ပြည့်မြောက်သည့် နေ့ရက်ဖြစ်သောကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ စစ်ဘက်ဆိုင်ရာနှင့် အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနားကို စုပေါင်းကျင်းပခဲ့ကြသည်။

ယနေ့ ဧပြီလ (၂၄) ရက်၊ နံနက် (၀၉:၀၀) နာရီမှ မွန်းလွဲ (၁၃:၀၀) နာရီအထိ၊ တပ်မဟာ (၉၈၉) မှ တာဝန်ရှိသူများနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများအားလုံး စုပေါင်း၍ (၁၂) မြောက် နမ့်ခမ်းမြို့နယ်၊ (၂၂) ကျေးရွာအုပ်စု၊ တာ့ဆန့်ရွာ၌ (၆၂) နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ရာ လူကြီးမင်းများ၊ တပ်မှူးများ၊ ရဲဘော်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံမိဘပြည်သူများ စုစုပေါင်း တက်ရောက်သူ (၉၀၀) ကျော်ရှိကြောင်း သိရသည်။

ထိုအခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က မိန့်ခွန်းပြောကြားပြီး ရှမ်းပြည်တပ်မတော် ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် ရှမ်းပြည်သူလူထု ခံစားခဲ့ရသည့် နာကျင်ဖွယ်ရာ သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် အလားတူပင် တပ်မဟာ (၇၄၈)၊ တပမဟာ (၇၉၈) စစ်ဌာန နှင့် တပ်မဟာ (၉၆၉) စစ်ဌာန စသည့် စစ်ဒေသများတွင်လည်း စစ်ဌာနချုပ်ကော်မတီ၊ တပ်ရင်း၊ ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ စုပေါင်းဦးဆောင်ကာ ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခြင်း (၆၂) နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြပြီး၊ ထိုနေရာများတွင် တစ်နေရာလျှင် တက်ရောက်သူ (၃၀၀) ကျော်မှ (၅၀၀) ကျော်အထိ ရှိကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော် (SSA) ကို (ညောင်ရွှေစော်ဘွား) စော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီးဖြစ်သူ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ရှမ်းပြည်နယ်အတွင်း ပြန့်ကျဲလှုပ်ရှားနေသော ရှမ်းပြည်လွတ်လပ်ရေးတပ်မတော် (SSIA)၊ ရှမ်းအမျိုးသားညီညွတ်ရေးတပ်ဦး (SNUF) နှင့် စဝ်လက် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့ စသည့် တော်လှန်ရေးအဖွဲ့အစည်းများကို မိမိတို့အဖွဲ့အမည်များကို ဖျက်သိမ်းစေပြီး၊ ၁၉၆၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့တွင် မဟာဒေဝီ စဝ်နန်းဟိန်ခမ်းကိုယ်တိုင် ဦးဆောင်၍ ရှမ်းပြည်တပ်မတော် (SSA) အဖြစ် စုစည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Share:

Related News